EMAYAR
ကျွန်မမှာ ကျွန်မထက်အသက်လေးနှစ်လောက်ငယ်ပြီး ပြောမရဆိုမရနဲ့သူလုပ်ချင်တာသူလုပ်တတ်တဲ့၊လောကကြီးကိုဇောက်ထိုးမြင်တတ်တဲ့
ခပ်တေတေကောင်လေးတယောက်ရှိပါတယ်……အဲဒီခပ်တေတေကောင်ကိုပဲကျွန်မက“ ချစ်သူ” လို့ကင်ပွန်းတပ်ပေးထားပါတယ်………ဒီနေ့ကတော့ကျွန်မချစ်သူရဲ့ မွေးနေ့လေးပါပဲ……..ကျွန်မချစ်သူရဲ့မွေးနေ့လေးမှာ ကျွန်မတတ်သလောက်မှတ်သလောက်သိထားတဲ့သူရဲ့အကြောင်းလေးကို ကဗျာတပုဒ်ရေးဖွဲ့ပေးထားပါတယ်……..ခပ်ညံ့ညံ့ကဗျာတပုဒ်ဆိုပေမယ့်အမှတ်တရပေါ့…………။။။
အမရာချစ်သော“မောင်”မွေးနေ့မှာပျော်ရွှင်ပါစေ……………………။။။

“သူနဲ့သူ့ရဲ့နှစ်ဆယ့်ခြောက်”

ကြက်ခြေခတ်ကြီးကြီးတွေ
တပွေ့တပိုက်နဲ့
သူသဟဇာတတည့်ချင်တာက
ဆန့်ကျင်ဘက်အတွေးအမြင်
သူနေတတ်သလိုနဲ့
ဒီနေ့ဆိုတာထဲမှာနေတယ်
အိပ်နေရင်တောင်
ကဗျာတွေယောင်ယောင်ရေးတဲ့ကောင်
အရာအားလုံးကိုမလွမ်းတောင်
အမေ့ကော်ဖီတခွက်
အဖေ့လက်သီးတချက်
ဘောလုံးကွင်းနဲ့လဘ္ဘက်ရည်ဆိုင်
သူငယ်ချင်းတွေနဲ့ရွှေကြက်ဖ လွမ်းပါရစေတဲ့
(သတိ!!!ချစ်သူမပါကြေး) ။

ချစ်ခြင်းနဲ့ပါတ်သတ်ရင်တော့
ဘောင်မခတ်ကြေးပေါ့တဲ့
ဆုတောင်းခြင်းတွေမယုံကြည်တတ်ဘူး
ကြယ်တွေကြွေရင်ကောက်ကြစို့တဲ့
ဘာကောင်ပဲဖြစ်ဖြစ်ပါ
ကမ္ဘာမြေကိုတော့သာယာစေချင်သတဲ့
အဲဒီင်္ခပ်တေတေကောင်ကငါ့ကိုချစ်တဲ့သူ
အဲဒီခပ်တေတေကောင်ကိုပဲငါကချစ်ခဲ့သူ ။

သူ့ရဲ့ယိုင်နဲ့နဲ့သမိုင်းကို
သတ်ပုံမမှန်တမှန်နဲ့ရေးမတဲ့
ပျော်သလိုသာဖတ်ပါဆိုပဲ
အဲဒီကောင်ရိုက်ချိုးလာတဲ့သက္ကရာဇ်တွေပေါ့
ခုဆို……နှစ်ဆယ့်နဲ့မှခြောက်………။။။

အမရာ
(၁၉.၇.၂၀၀၉)
0 Responses

Post a Comment